ငြိမ်းချမ်းရေးအကြောင်း ရုပ်ရှင်ရိုက်တဲ့အခါကျွန်တော်တို့ စဉ်းစားမိတာတွေက

ဒီနှစ်ဇွန်လလယ်မှာ ကျွန်တော်တို့ ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းက ဇာတ်ညွှန်းရေးနည်း သင် တန်းဖွင့်မယ်လို့ကြားတော့ ကျွန်တော်လည်း တက်ကြွနေပြီ။ ကိုယ်တိုင်လည်း ရုပ်ရှင်ဝါသနာပါ တာရော၊ ဇာတ်ညွှန်းရေးချင်တာရော၊ ကိုယ်ပြောချင်တဲ့အရာတွေကို လူတွေကို ပြန်ပြောပြချင်တဲ့ စိတ်ရှိတာရောနဲ့ သင်တန်းတက်ရတော့မယ်ဆိုပြီး စိတ်အားထက်သန်နေတယ်။ တကယ်တမ်း သင်တန်းတက်ရတဲ့အခါမှာတော့ ကျွန်တော် စိတ်ကသိကအောက်ဖြစ်သွားတာ တစ်ခုရှိတယ်။ အဲ့တာကတော့ ခေါင်းစဉ်ပဲ။ လူငယ်နဲ့ ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ ဇာတ်ညွှန်းတစ်ခု ရေးရမယ်တဲ့။ ခေါင်းစဉ်တွေကို ကျွန်တော်မုန်းနေခဲ့တာ အတော်ကြာခဲ့ပြီ… ငယ်ငယ်က စာစီစာကုန်းပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ။ အဲ့တာတွေ အကုန်မှာ ခေါင်းစဉ်တွေ ရှိတယ်။ ဆေးလိပ် အန္တရာယ်ခေါင်းစဉ်နဲ့ ပန်းချီပြိုင်ပွဲတစ်ခုကို မိတ်ဆွေတို့အနေနဲ့ ပါဝင်ယှဉ်ပြိုင်ရတယ် ဆိုပါစို့…. အဲ့ဒီအရသာက ဘယ်လိုမျိုးလဲ။

ကျွန်တော်တို့ဆရာမ ရေချယ်ကတော့ ခေါင်းစဉ်နဲ့ပတ်သက်ပြီး သိပ်ဇီဇာကြောင်တဲ့အထဲမှာ မပါပါဘူး။ သူက လုပ်ရမယ့်အဆင့်တွေကို ပြောပြတယ်။ ပထမတစ်ခုအနေနဲ့ ကျွန်တော်တို့ကို ဇာတ်ကောင်လေးတွေ တည်ဆောက်ခိုင်းတယ်။ ကျွန်တော်တို့ သင်တန်းမှာ သင်တန်းသားက အယောက် ၂၀ ရှိတယ်။ ဆိုတော့ ဇာတ်ကောင် အယောက် ၂၀ တည်ဆောက်ခိုင်းတယ်ပေါ့။ အဲ့ဒီမှာလည်း ကျွန်တော်တို့ကို ရွေးချယ်စရာတွေ ပေးထားသေးတယ်။ ဇာတ်ကောင်တစ်ဉီးချင်းကို ၃ မိနစ်စာ ဇာတ်လမ်းတိုလေး လုပ်ရင်လုပ် မလုပ်ရင် ဇာတ်ကောင် ငါးယောက်ပေါင်းပြီး ၁၅ မိနစ်စာ ဇာတ်လမ်းတိုလေးလုပ်ရင်လုပ်ပေါ့။ ပြီးတော့ ရုပ်ရှင်ဆိုတာ စုပေါင်းလုပ်ဆောင်ရတဲ့ အနုပညာ ပုံစံမျိုးဆိုပြီးတော့ အဖွဲ့ဝင်ငါးယောက်ပါတဲ့ အဖွဲ့လေးဖွဲ့ ဖွဲ့လိုက်တယ်။ ကျွန်တော်တို့က အဖွဲ့သုံးပေါ့ ၁၅ မိနစ်စာ ဇာတ်လမ်းတို လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဇာတ်ညွှန်းသင်တန်း မတက်ခင်တုန်းက ကျွန်တော် တွေးထားတာလည်းရှိတယ်။ ပြည်မြို့မှာ ကလေးဘဝတုန်းက အချုပ်အချယ်ခံထားရတဲ့အမျိုးသမီးတစ်ဦးက မိဘတွေမရှိတဲ့ ရန်ကုန်မြို့မှာ တစ်ယောက်တည်း လာနေပြီးတော လွတ်လပ်မှုအနည်းငယ်ရပေမဲ့ ငယ်ငယ်ကဖြစ်ခဲ့တဲ့ စိတ်ဒဏ်ရာနဲ့ လက်ရှိဖြစ်တည်နေတဲ့ ထင်ယောင် ထင်မှားဖြစ်မှုတွေကြား ဗျာများနေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လို့ တွေးထားခဲ့ပေမဲ့ တကယ်တမ်းကျ မဟုတ်တော့ဘူး… ခေါင်းစဉ်က လူငယ်နဲ့ ငြိမ်းချမ်းရေးတဲ့။

ကျွန်တော်တို့တစ်တွေ ဇာတ်ကောင်တွေကို ဖန်တီးဖို့ ဆရာမက ပြောတဲ့အခါမှာ ကိုယ်နဲ့ နီးစပ်ရာ ကပ်နေတာတွေကို စဉ်းစားရတယ်။ ဆရာမက ကျောင်းနဲ့အနီးစပ်ဆုံးနေရာတစ်ခုကို သွားပြီး Location ကြည့်ပါဆိုတော့ ကျွန်တော်တို့ သူငယ်ချင်း အယောက် ၂၀ လုံး တစ်နေရာတည်းနီးပါးကို သွားကြည့်မိကြတယ်။ ဇာတ်ညွှန်းဆိုတာ ကိုယ်သိတဲ့ အဖြစ်အပျက်တစ်ခုခုကို စျာန်ဝင်စားပြီးတော့ ရေးရတဲ့ ဇာတ်လမ်ပြောနည်းအတတ်ပညာလို့ကျွန်တော်နားလည်ထားတယ်။ အဲ့တော့ ကျွန်တော် ဖြစ်ပျက်ခဲ့တဲ့ ကိုယ်ပိုင်အတွေ့အကြုံစိတ်ခံစားမှုက ဇာတ်ကောင် ၂ ခုကို မွေးဖွားလိုက်တယ်။ ဇာတ်ကောင်က ကလေးနှစ်ယောက်။ ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ ဆိုင်ကယ်စီးချင်တဲ့ ကလေးနှစ်ယောက်အကြောင်းပေါ့။ ဒါဆိုရင် ကလေးမဆန်တော့ဘူး။ ကလေးတွေက ဆိုင်ကယ် စီးချင်ပါ့မလား။  ကျွန်တော်တော့ တရုတ်က လှူထားတဲ့ဆိုင်ကယ်ကြီးတွေ စီးသွားတာ မြင်တဲ့အခါ ကျွန်တော်ရော ရဲထဲဝင်ရင် ဆိုင်ကယ်စီးရမလား ဦးဦးရဲကြီးလို့ သွားမေးရမလားလို့ တွေးဖူးတယ်။ ဒါက ကျွန်တော့်အမြင်ပေါ့။ ပြန်ဆက်ရရင် ကျွန်တော်တို့ Location ကြည့်တဲ့နေရာ က မော်တော်ပီကယ် ရဲဝင်း။ အဲ့ထဲမှာ အမြင်အရအားကောင်းပြီး မိုက်တယ်လို့ထင်တဲ့နေရာတစ်ခုလည်း ကျွန်တော်တွေ့ခဲ့တယ်။ အဲ့တာကတော့ ကားသင်္ချိုင်းနေရာပဲ။ ၁၉၉၉ – ၂၀၀၀ ခုနှစ်လောက် က အသုံးပြုခဲ့တဲ့ ကားတွေထင်တယ်။ တချို့ကားတွေက အင်္ဂါစုံသေးပေမဲ့ တချို့ကားတွေက တော်တော်လေးပျက်စီးနေပြီ။ ကျွန်တော် အဲ့ဒီနေရာကို ကြိုက်တယ်။ ရိုက်ကွင်းအဖြစ်လည်း အသုံးပြုချင်တယ်။ ဆိုတော့ ကျွန်တော် ကျွန်တော့် ကလေးနှစ်ယောက်ကို အဲ့ဒီ ရဲဝင်းထဲက ရဲသား တစ်ယောက် ဆိုင်ကယ်ကို ယူစီးဖို့လုပ်ရင်းက ကလေးနှစ်ယောက်က ဆိုင်ကယ်ကို ဖျက်ဆီး သလိုဖြစ်သွားလို့ အဲ့ဒီ့ရဲသားကြီးက နောက်ကလိုက် ကလေးနှစ်ယောက်က ကြေက်ကြောက်နဲ့ ပြေးရင်းက ကားသင်္ချိုင်းထဲက ကားပျက်ကြီးတစ်စီးရဲ့ နောက်ဖုံးထဲ ဝင်ပုန်းရင်းက ကားနောက်ဖုံး တံခါးက လော့ကျသွားပြီး အပြင်ထွက်လို့မရဘဲ သေသွားတယ်ဆိုတဲ့ ဇာတ်လမ်းကို စပြီး စဉ်းစားမိတယ်။ ကလေးနှစ်ယောက်ရဲ့ ဒုတိယပိုင်းက ကျွန်တော်ဖတ်မိတဲ့ သတင်းတစ်ပုဒ်ကရတယ်လို့ ပြောရမယ်ထင်တယ်။ အဲ့သတင်းထဲမှာ ကားထဲမှာ အောက်ဆီဂျင်ပြတ်ပြီး ကလေးနှစ်ယောက် သေသွားတယ်ဆိုတဲ့သတင်း။ နောက်ဆက်တွဲ သိရတာက ကလေးနှစ်ယောက်က အသတ်ခံလိုက်ရ တာ။ ပြီးတော့ အဲ့ကားထဲမှာ လာထည့်သွားတာတဲ့။ ဒါတွေထားပါတော့ ကျွန်တော် စျာန်ဝင်စားတဲ့ အကြောင်းအရာကို ပြောပြတာ။

ကျွန်တော်တို့အဖွဲ့ထဲမှာ တခြားသူတွေလည်း သူတို့ကြည့်တဲ့ ရိုက်ကွင်းနေရာက စျာန်ဝင်စားမှု အသီးသီး ရကြတယ်။ ကျွန်တော်တို့ထဲက တစ်ယောက်က ရဲဝင်းထဲက စိုက်ခင်းကို မြင်တယ်။ အဲ့ဒီနားက အိမ်မှာနေပြီး ဟင်းသီးဟင်းရွက်ရောင်းတဲ့ အဒေါ်ကြီး အကြောင်းလုပ်မယ်လို့ပြော တယ်။ နောက်တစ်ယောက်က သူကိုယ်တိုင် ကြုံတွေ့ဖူးတဲ့ကိစ္စကိုပဲ စျာန်ဝင်စားပြီးတော့ အိမ်ဈေးဆိုင်တစ်ခုမှာနေပြီး ရေသန့်ပို့ရတဲ့ ကောင်လေးနဲ့ သူ့အမေအကြောင်း ကောင်လေးကရေသန့်ပို့ အိမ်ဈေးဆိုင်ကူရောင်း၊ ပိုက်ဆံခိုးပြီးစု၊ သူ့ကောင်မလေး ရှိတဲ့ နိုင်ငံခြားကိုလိုက်သွားဖို့ ကြိုးစားနေတဲ့ကောင်လေးနဲ့ သူ့သားဆန္ဒကို လိုက်ရောရမလို သူ့သားကို သူ့နားမှာပဲ နေစချင်တာလိုလို ဝေခွဲမရတဲ့ အမျိုသမီးကြီးအကြောင်းလို့ပြောတယ်။ ကျွန်တော်တို့ထဲမှာ တိုင်းရင်းသား အမျိုးသမီးနှစ်ဦးပါတယ်။ တစ်ဦးက ကရင်အမျိုးသမီး။ နောက်တစ်ဦးက ရှမ်းအမျိုးသမီး။ သူတို့တွေ ဇာတ် ကောင်ရွေးတာကျ ကျွန်တော်တို့ရွေးချယ်တာနဲ့ လုံးဝမတူဘူး။ ငြိမ်းချမ်းရေးအတွက် သူတို့ရွေးတဲ့ဇာတ်ကောင်တွေက စစ်ရဲ့အနိဋ္ဌာရုံကနေလာတဲ့ ဇာတ်လမ်းတွေ၊ ဇာတ်ကောင်တွေ၊ သူတို့က စစ်မြေပြင်မှာကြီးပြင်းခဲကြတာဆိုတော့ သူတို့ အတွေ့အကြုံတွေက ဒီလိုပဲ ဖြစ်ကြလိမ့်မယ်လို့ ကျွန်တော်တို့ ကိုယ်ချင်းစာမိတာပေါ့။ ကျွန်တော်တို့အဖွဲ့ထဲက ရှမ်းမလေးက သူ့ဇာတ်ကောင်ကို သူ့ရည်းစားထွက်ထွက်မျှော်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းဆိုပြီး လုပ်ထား တယ်။ ကျွန်တော်တို့ ရိုက်ကွင်းနေရာ သွားကြည့်တုန်းက ကားသင်္ချိုင်းရဲ့ မနီးမဝေးမှာ ညောင်ပင်ကြီးတစ်ခု ရှိတယ်။ ထိုင်ခုံသေးသေးလေးလည်း ညောင်ပင်ခြေရင်းမှာ ရှိနေတယ်။ ညောင်ပင်အမြင့်တစ်ဝက်လောက်ပေါ်မှာ နတ်ကွန်းလိုလို ဘာလိုလို တစ်ခုရှိတယ်။ အဲ့ဒီညောင်ပင်ကြီးက ဝိညာဉ်တွေနဲ့ပတ်သက်ပြီးတစ်ခုခုပြောနေသလိုဆိုတဲ့ ခံစားချက်မျိုးရစေတယ်။ အဲ့တာကြောင့်ကောင်မလေးက သူ့ရည်းစားကို ထွက်မျှော်နေတယ်ဆိုတဲ့ ဈာန်ဝင်စားမှုမျိုးရခဲ့တာဖြစ်မယ်။

နောက်တစ်ဉီးကတော့ သူမရဲ့ ဇာတ်ကောင်ကိုတော့ သူ့သူငယ်ချင်း ရှမ်းမလေးတစ်ယောက်အကြောင်းကို ယူမယ်လို့ပြောတယ်။ သူ့အတွေ့အကြုံက သူ့သူငယ်ချင်း ကောင်မလေးနဲ့ သူနဲ့ လိုင်းကားအတူစီးနေရင်းက ရှေ့ခုံက ကောင်လေးက PUBG ဂိမ်းကို အသံဖွင့်ပြီးဆော့နေတာ သေနတ်ပစ်သံတွေ၊ ဗုံးပေါက်ကွဲသံတွေ ညံနေတာပဲတဲ့။ အဲ့အချိန် သူ့သူငယ်ချင်း က အဲ့ကောင်လေးကို နင်အသံပိတ်ဆော့မလား၊ ငါနင့်ဖုန်းကို ယူပြီးလွှင့်ပစ်ရမလားဆိုပြီး သွားမေးလို့ ဟဲ့ဟဲ့ဆိုပြီး မနည်းဆွဲထားရတယ်။ အဲ့တာနဲ့ သူ့သူငယ်ချင်းမလေးရဲ့ မျက်နှာကလည်း တစ်မျိုးဖြစ်နေတယ်တဲ့။ သူ့သူငယ်ချင်းကို သေချာမေးကြည့်တော့ ငါ့နားက သေနတ်သံ၊ ဗုံးသံတွေကြားရင် ဘယ်လိုမှမနေနိုင်ဘူးတဲ့။ ကြောက်တာလိုလို နားမခံသာတာလိုလိုကြီး ဖြစ်လာတယ်။ အဲ့တာနဲ့ သူ့ဇာတ်လမ်းကို ဈာန်ဝင်စားလိုက်ပြီး ရန်ကုန်မှာအလုပ်လာလုပ်တဲ့ ကောင်မလေး၊ အလုပ်အိမ်က ကလေးတွေက သေနတ်နဲ့စ၊ နားမခံသာလို့ အိမ်ကထွက်ပြေး၊ ညောင်ပင်အောက်မှာ သွားငို၊ အတိတ်က ရည်းစားေဟာင်းကိုတွေ့အဲ့လိုမျိုးနဲ့ အတိတ်ရောက်သွားလိုက် ပစ္စုပ္ပန်မှာ ပြဿနာတွေတက်လိုက်နဲ့ အနာဂတ်ပျောက်၊ မိသားစု ပျောက်နေတဲ့ Post-tramatic Stress Disorder (PTSD) လူနာရှင် ရှမ်းမလေးတစ်ယောက်အကြောင်းကို ၁၅ မိနစ်စာ ဇာတ်လမ်းကြီးရဲ့ အဓိကဇာတ်ကောင်နေရာမှာ ထားလိုက်ကြတယ်။ နောက်ဆုံး ကောင်မလေးက သူခံစားနေရတဲ့ PTSD ဝေဒနာကို ကျော်လွှားနိုင်ခဲ့ပြီး ကားထဲပိတ်မိနေတဲ့ ကလေးနှစ်ယောက်ကို ကယ်တင်နိုင်လိုက်ကာ မိသားစုအသစ်တစ်ခုရသွားတယ်။ သူ့အနာဂတ်က ခယောင်းလမ်းဖြစ်သွားတာနဲ့ အဆုံးသတ်လိုက်တယ်။ ကောင်မလေးရဲ့ ဇာတ်ကောင်နာမည်ကိုလည်း ရှမ်းဆန်သွားအောင် ကျွန်တော်တို့ ကြိုက်တဲ့ သီချင်းတစ်ပုဒ်နာမည် နန်းမိုခမ်းလို့ အမည်ပေးလိုက်တယ်။ ပျော်စရာလေး ဖြစ်သွားအောင်လို့။ လူတိုင်းနဲ့လည်း ချိတ်ဆက်လို့ရအောင်လို့။ ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးအပါအဝင် ပဋိပက္ခတွေအကုန်က ပျော်စရာအဆုံးသတ်မျိုးနဲ့ ဇာတ်လမ်း ပြီးသင့်တာမျိုးလေ။

တစ်လခွဲအတွင်းမှာ ဇာတ်ကောင်စရိုက်တွေ တည်ဆောက်တာ(characters development) လုပ်ကြတယ်၊ ဇာတ်လမ်းဖန်တီးမွမ်းမံတာတွေ (story development) တွေလုပ်ကြတယ်။ ပြီးတော့ သင်တန်းအဆုံးမှာ ဇာတ်ညွှန်းပထမအကြမ်းရေးတာနဲ့ ဇာတ်ညွှန်းဖတ်တာတွေလုပ်ကြတယ်။ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ ဇာတ်ညွှန်းမွမ်းမံတာတွေ (script development) လုပ်ကြတယ်။ အခုထိတော့ စတုတ္ထအကြမ်း ရေးပြီးလို့ အကြိုထုတ်လုပ်မှုလုပ်ငန်းတွေ စလုပ်နေပြီ။ မကြာခင် အချိန်အတွင်းမှာ စာရွက်ပေါ်က ဇာတ်လမ်းလေးက ဖန်သားပြင် ပိတ်ကားပြင်ပေါ်မှာ ကြည့်ရတော့မယ်လို့ ကျွန်တော်တို့ ယုံကြည်ကြတယ်။ လုပ်စရာတွေအများကြီးကျန်သေးပေမယ့်သွားနေတယ်။ ကျွန်တော်တို့တစ်တွေ လူငယ်နဲ့ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်ကြီးကို မုန်းကြ ပေမဲ့ တကယ်ဖန်တီးလိုက်တဲ့ ကျွန်တော်တို့ဇာတ်လမ်းလေးက လူတွေကိုယ်ချင်းစာနိုင်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လာတယ်လို့ မြင်လိုက်ရတယ်။ တခြားနိုင်ငံတွေမှာ ငြိမ်းချမ်းရေးအကြောင်း ပြောကြတဲ့အခါ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းဆွေးနွေးပြီး တိုင်းပြည်ကြီးတိုးတက်သွားတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေ ကောင်းလာတယ်ဆိုတဲ့ ဇာတ်လမ်းမျိုးကို တွေ့ရချင်တွေ့ရနိုင်ပေမဲ့ ကျွန်တော်တို့နိုင်ငံမှာတောစစ်ပွဲပဲဖြစ်ဖြစ် တိုက်ပွဲပဲဖြစ်ဖြစ် အဲ့ဒီအကျိုးဆက်တွေက မကောင်းဘူးဆိုတဲ့ ခံစားချက်တွေက အမြဲရှိနေတာဆိုတော့ ငြိမ်းချမ်း ရေးအကြောင်းပြောကြတဲ့အခါမှာ ဒီလိုဇာတ်လမ်းမျိုးပဲ ထွက်လာတော့မှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က အကောင်း ဘက်ကို အမြဲမျှော်လင့်နေပြီးသားပါ။ ပိုကောင်းတဲ့အနာဂတ်ကို မျှော်လင့်မိနေသူတွေပါ။ မောင်အောင်ပွင့် စကားကို အငှားသုံးရရင် “အမိနိုင်ငံတော် ကောင်းကင်ပေါ်သို့ အပျော်ဉီးတင် မော်ဖူးချင်လှပါပြီ”။

 

မြတ်မင်းခန့်

Leave a comment